ဇလုံတောင် သို့မဟုတ် ကဒူး မြေသို့









ပုံမူရင်း - မူလရိုက်ကူးသူ- Facebook မှ ကူးယူထားပါသည်။
၂၀၁၅ ခုနှစ် နှစ်ကုန်ပြီ၊ နှစ်တစ်နှစ်အတွင်း စိတ်ကျေနပ်မှု ရှိစွာဖြင့် မိမိပတ်ဝန်းကျင် အကျိုးအတွက် ရော ကျွန်မကိုယ်တိုင်အတွက်ပါ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သည် ကျွန်မခံစားမိပါသည်။ နှစ်တစ်နှစ်အတွင်း အခက်အခဲတွေကို အကောင်းဆုံး ကျော်ဖြတ်ရင်း အတွေ့အကြုံတွေလည်း တိုးလာသလို စိတ်ဓါတ်ခွန်အားတွေလည်း တိုးလာခဲ့ရပါတယ်။ နေ့တစ်နေ့မှာ ခွန်အားရှိစွာ အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့အတွက် မနက်ခင်းစာ ကို ကောင်းကောင်း စားသင့်တယ်၊ နောက်တစ်ခုကလည်း မနက်စာကို ဘုရင်လိုစားရမယ်ဆိုတဲ့ ရှေးလူကြိးသူမတို့ ပြောစကားအတိုင်း ယခုနှစ် ၂၀၁၆ ဆိုတဲ့ နှစ်သစ်ကို အစပြုဖို့ အတွက် ၂၀၁၆ ဆိုတဲ့ နှစ်ကြီးမှာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာများအား ခွန်အားရှိစွာ လုပ်ဆောင်နိုင်ဖို့အတွက် အသိဥာဏ် နှင့် နှလုံးသားအာဟာရများ တိုက်ကျွေးဖို့ ခရီးသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ခရီးသွားမယ်ဆိုတော့ ဘယ်ကိုသွားမလဲ စဉ်းစားတဲ့အခါမှာ ကျွန်မဟာ ကျွန်မရဲ့ ဒေသကို အရမ်းချစ်ခင်တယ်။ တန်ဖိုးထားတယ်။ ဒါကြောင့် ဒေသရဲ့ ဗဟုသုတတွေခံစားပြီး ဒေသကောင်းကျိုး လုပ်ဆောင်ပေးချင်တဲ့ နှလုံးသားမျိုးကို ရရှိချင်တဲ့အတွက် ကျွန်မရဲ့ ဇာတိမြေကို ရွေးခဲ့ပါတယ်။ ကျွန်မရဲ့ ဇာတိမြေက ၀န်းသိုမြို့နယ်၊ ကသာခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးဆိုပေမယ် ရေမြေသဘာဝချင်းလည်းတူ လူနေမှု ပုံစံချင်းလည်းတူတဲ့ ကျွန်မတို့ ဒေသတ၀ိုက်မှာ ထင်ရှားကျော်ကြားတဲ့ ဇလုံတောင် စေတီ တော် ကြီးလည်း ရှိတဲ့  ကဒူးမြေ သို့မဟုတ် ဗန်းမောက်မြေ ကနေ ခရီးစဖို့ ဆုံးဖြတ်လိုက်ပါတယ်။
          ဒီ၂၀၁၅ နှစ် နှင့် နှစ်ကုန် ခရီးသွားနှုန်းဟာ ခါတိုင်းနှစ်ထက် ပိုတိုးလာတယ်လို့ သတင်းတစ်ခုမှာ ဖတ်ရပါတယ်။ ဒါပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်က ဇလုံတောင်ခရီးကိုတော့ ဒေသတွင်း ထင်ရှာကျော်ကြားမှုတွေနဲ့ ဂုဏ်သတင်းရှိပေမယ့် ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးသွားတွေကတော့  ခရီးလမ်း အခက်အခဲကြောင့်ရော၊ တခြား ခရီးသွားတွေကို ဆွဲဆောင်နိုတဲ့ အခြေအခံအဆောင်အအုံနဲ့ သတင်းအချက်အလက်ရရှိမှု အခက်အခဲတွေကြောင့်ရော ခရီးအသွားအလာ ပေါက်ရောက်မှု နည်းနေသေးတာကို တွေ့ရပါတယ်။ ဒါကြောင့် သာမန်ခရီးထက် အချိန်လည်းပိုပေးရပြီး ငွေလည်းပိုကုန်ပေမယ့် ကျွန်မ ကျွန်မချစ်တဲ့ ဇာတိ ၀န်းသိုမြေကိုလည်း အလည်သွားရင်း ဗန်းမောက်မြေက ဇလုံတောင်သို့လည်း ခရီးဆက်ဖို့ ခရီးသွားအစီအစဉ်ကို ချမှတ်လိုက်ပါတယ်။ 
        ဇလုံတောင် ကို ဇလုံလိုပုံရှိလို့ဇလုံတောင်လို့ ခေါ်တယ်လို့ယခု ခေတ်သစ်လူတွေ ပြောကြပါတယ်။ ဒါပေမယ့် တကယ့်နာမည်က ရှမ်းနာမည်ဖြစ်တယ်လို့ တစ်ချို့အသိုင်းအ၀ိုင်းကလည်း အခိုင်အမာဆိုပါတယ်။ ဇလုံတောင်ဆိုတာ ရှမ်းနာမည် လွယ်စန့်လုံ (မြန်မာ ပြန်လိုက်ရင် ဆင်ကြီးတောင်) ဆင်ကြီးတစ်ကောင်လို မဲမဲလုံးလုံး ထီးထီးကြီး မြင်နေရလို့ လို့ ဆိုပါတယ်။ 
        ဇလုံတောင်ရှိရာ ဗန်းမောက်မြို့နယ် ဟာ ကျွန်မတို့ ၀န်းသို မြို့နယ် နဲ့ အစပ်ဖြစ်တဲ့အတွက် ကျွန်မတို့ အတွက်တော့ မစိမ်းပေမယ့် တခြားဒေသက လူတွေကတော့ နာမည်ကြီး တောင်ကြီး အင်းလေး နဲ့ ကျွန်းတွေကိုပဲ အသိများကြမယ်ထင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဒေသမှာ ရှိတဲ့ ဇလုံတောင်ကို အလည်သွားမယ်ဆိုရင်လည်း သွားရကျိုး နှပ်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်ဆို ကျွန်မရောက်သွားပြီး ဖြစ်လို့ပါပဲ။

 ဇလုံ တောင် ဘာထူးခြားလဲ
   မင်းတို့ပြောပြောနေတဲ့ အဲ့ဒီဇလုံတောင်က  ဘာကြီးများ ထူးခြားပါသလဲဆိုခဲ့ရင် ထူးခြားတာကတော့ ဇလုံတောင်တစ်ခုတည်းမဟုတ်သလို သူ့ရဲ့ သဘာဝ အလှတရားတွေအကုန်ထည့်ပြောရတော့မှာပါ။ ဇလုံတောင်တည်ရှိရာ ဗန်းမောက်မြို့နယ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင် အဆုံး နဲ့ ကချင်ပြည်နယ် အစပ်ဖြစ်ပါတယ်။ ဗန်းမောက်မြို့နယ်ဟာဆိုရင် ကဒူး၊ ကနန်းဆိုတဲ့  တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ရာ ဒေသဖြစ်ပါတယ်။

ကဒူး/ ကနန်း တိုင်းရင်းသားလူမျိုးစု
 တိုင်းရင်းသားတွေ နေထိုင်တဲ့ နေရာဖြစ်တဲ့အတွက် ကဒူးစကား နဲ့ ကဒူးရိုးရာကို လေ့လာနိုင်ပါတယ်။ ကဒူး၊ ကနန်းလူမျိုးကတော့ ဗမာ လူမျိုးစုထဲ ထည့်ထားခံရတဲ့ လူမျိုးစုငယ် တစ်ခုအဖြစ်သာ ဖော်ပြလို့ တစ်နိုင်ငံလုံး အသိနည်းပါတယ်။ မြန်မာပြည်အထက်ပိုင်း ကျွန်မတို့နဲ့ကချင်ပြည်နယ်က လူတွေပဲ သိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဘာသာစကားဟာ ဗမာဘာသာစကား နဲ့ လုံးဝမတူကြပါဘူး။ သူတို့မှာ သူတို့ နေထိုင်ခဲ့တဲ့ ရေမြေသဘာဝရဲ့ ပြည့်စုံမှု ဦးနှောက် ကိုယ်ခန္တာ ကြံ့ခိုင် ဖွံ့ဖြိုးမှုတို့ကြောင့် ၄င်းတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားကိုလည်း တည်ထွင်နိုင်ခဲ့ကြသူတွေပါ။ အဲ့ဒီဒေသကိုသွားမယ်ဆိုရင် ဗမာလိုမပြောပဲ ကဒူးလို ပြောနေကြတာကို တွေ့ရမှာပါ။ ကျောင်းတွေမှာလည်း ကလေးတွေ ကဒူးလို ပြောကြသလို ရွာထိပ်မှာ ဖြစ်လေ့ရှိတဲ့ ရန်ပွဲလည်း ကဒူးလို ဆဲဆိုဖြစ်ကြပါတယ်။ ကျွန်မကတော့ ၀န်းသို နယ်သားမို့လို့ ကဒူးစကားမတတ်ပါဘူး။ ဒါပေမယ့် ကျွန်မရဲ့ ဘိုးဘွားတွေဟာ ပင်လည်ဘူး ဗန်းမောက် အနွယ်တွေဖြစ်ပြီး ကဒူးသွေးပါသူတွေဖြစ်ပေမယ့် နိုင်ငံရဲ့ အခြေအနေနဲ့ လူမျိုးရေးအရေးကြီးမှန်း ဂရုစိုက်မှု အားနည်းခဲ့ရမှု ကြောင့် သူတို့တွေ မှတ်ပုံတင်မှာ ဗမာလို့ပဲ အမည်ပေါက် ခံယူပါတယ်။ တစ်ချို့ ကဒူးစကားတတ်သူ တော်တော်များများလည်း မှတ်ပုံတင်မှာ ကဒူးအစား ဗမာလို့ ပေးလာကြတာ တော်တော်များများ တွေ့နေရလို့  စကားနဲ့ လူရှိပြီး လူမျိုးပျောက်မှာ စိုးရိမ်ရတယ်လို့ ကျွန်မသူငယ်ချင်းနဲ့ သူ့မိသားစုက စိုးရိမ်စွာ ပြောကြပါတယ်။

ရိုးရာ၊ယဉ်ကျေးမှု 
 ရိုးရာတွေကတော့ ကျွန်မတို့ ၀န်းသိုနဲ့ တူပါတယ်။ မိန်းမကြီး (အမျိုးသမီးကြီးတွေဟာ ခေါင်းပေါင်းကြီးကို ပေါင်းတတ်ပါတယ်)။ ဟင်းပေါင်း ဟင်းလှော်စားတယ်၊ ရိုးရာ ပေါင်းအိုး (မြေအိုးသုံးတယ်)။ ခေါစီ ပေါင်းသင်းစားတယ်။ ဆန်စီး စားသူတွေပါ။ အိမ်တွေကတော့ ခြေတန်ရှေ အိမ်အကြီးအကြီးတွေပါ။ ကျွန်မတို့ ဒေသတစ်ဝိုက်ဟာ သစ် ၀ါး အလွန် ပေါလို့ အိမ်တိုင်ဆိုရင် သစ်လုံး အကြီးကြီးတွေနဲ့ ဆောင်တတ်ကြပါတယ်။ သစ်ပင်တစ်ပင်ကို အိမ်တိုင်တစ်လုံးဖြစ်ပြီး ဆောက်တဲ့ အိမ်အမျိုးအစားတွေက (၄ ပင် ၄ ပင်တိုင်များ ကနေ ၆ ပင် ၆ ပင်တိုင်အထိ ရှိပါတယ်။ ဆိုတော့ အိမ်တစ်အိမ်ဆောက်ရင် သစ်ပင်တွေ အများကြီး ကုန်ကျ တတ်ပါတယ်။

သဘာဝပတ်ဝန်းကျင်  

ဗန်းမောက်နယ် ရဲ့ သဘာဝန်ပတ်ဝန်းကျင်ဟာ တောကြီးတစ်တောထဲ ရောက်သွားသလို ခံစားရမှာပါ။ တောင်တွေကလည်း မျက်စိ တစ်ဆုံးရှိသလို သစ်တော သစ်ပင်တွေ အုတ်ဆိုင်းပြီး တော်တော် ရှားပါးလာပြီဖြစ်တဲ့ သဘာဝ ရဲ့ အရာသာကို ရရှိမှာ ဖြစ်ပါတယ်။ ရန်ကုန်ကနေ ဇလုံတောင် သွားပြီဆိုရင် ဗန်းမောက်နယ်ကို ၀င်တာနဲ့ တောင်တန်းတွေကို စတက်ရတော့တာပါပဲ။ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဇလုံတောင်ရောက်လို့ တောင်ပေါ်ကနေ လေးဘက် လေးတန် အရပ လေးမျက်နှာ ကို ကြည့်လိုက်မယ်ဆိုရင် အခုခေတ် မြန်မာနိုင်ငံမှာ တွေ့ရဖို့ ခက်ခဲလှတဲ့ သစ်တော သယံဇာတ ရှုခင်းမျိုးကို တွေ့ရမှာပါ။ လေးဖက်လုံးမှာ တောင်ကြီးတွေဟာ မျက်စိတစ်ဆုံးရှိနေပြီးတော့ အဖိုးတန် သစ်တော တော်ကလည်း ညှို့မှိုင်း စိမ့်လည့် နေမှာဖြပါတယ်။ တောတောင်သဘာဝကောင်းမှုကြောင့် တောတောင်က သဘာဝ အပင်တွေ ပန်းတွေရဲ့ အနံ့တွေ တောကောင်တွေရဲ့ ဂီတသံတွေ ကိုလည်း ကြားရသလို လူသံ စက်သံကို ကြားရမှာ မဟုတ်ပါဘူး။သဘာဝ စန်းချောင်းတွေကလည်း ပိုပြီးလှပအောင် အလှဆင်နေမှာပါ။ တောင်ခြေမှာတော့ ကဒူးရိုးရာ ဆေးမြစ်ခြောက်တွေ မြည်းလို့ရသလို လက်ဆောင်ဝယ်လို့လည်းရပါတယ်။ ကျွန်မတို့ဘက်မှာတော့ ဒီဆေးမြစ်တွေကို သဘာဝအားတိုးဆေးအနေနဲ့ ရေနွေနဲ့ ကြိုပြီး အိမ်တွေမှာ အမြဲဆောင် သောက်သုံးတတ်ကြပါတယ်။ 
ဇလုံတောင်  
ဇလုံတောင်ရဲ့ ပုံစံဟာ ဆိုရင် တောကြီး မျက်မည်းထဲက တောင်အကြီးကြီး တစ်လုံးပေါ်မှာ ဆင်အကြီးကြီး တစ်ကောင် ရပ်နေတာ ကြည့်နေတာနဲ့ တူမယ်ထင်ပါတယ်။  ဗန်းမောက်မြို့ထဲကနေ ကွေ့ဝိုက်ပြီး လာခဲ့ရတာမို့ တောင်ပေါ်က ကြည့်ရင် လမ်းကောက်ကောက် အကြောင်းရာ လေးတွေကို မြင်နေရမှာပါ။ ဇလုံတောင်ကို မရောက်ခင် အဝေးကကြည့်ရင်တော့ အရွယ်အစားက သေးတယ်လို့ထင်ရပေမယ့်..... နောက်တစ်ဆင့် တစ်ကွေ့ကွေ့ပြီး တောင်ကြီးကို ကြည့်လိုက်ရင်တော့ သင့်အနေနဲ့ မအံ့သြပဲ မနေနိုင်ပါဘူး။ ဒီကျောက်တုံးကြီးဟာ တော်တော် အမြှင့်ရှိသလို အရွယ်အစားကလည်း ကြီးမားပါတယ်။ ဒီကြီးမားတဲ့ ကျောက်လုံးကြီးအောက်မှာ ပေါက်နေတဲ့ သစ်ပင်တွေဟာဆိုရင် အရွယ်ရောက် အဖိုးတန် သစ်ပင်ကြီးတွေဖြစ်တဲ့ အတွက် တောင်ကြီးရဲ့ အရွယ်အစားကတော့ မျက်စိထဲ မြင်လို့ ရနိုင်မယ်ထင်ပါတယ်။
ဇလုံတောင်ကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ နှစ်စဉ် လာရောက်ကြလို့ အခုဆိုရင် လူတွေတော်တော် သိလာသလို ကဒူးတိုင်းရင်သား ရိုးရာတွေကိုလည်း လူတွေ သတိပြုမိလာပါပြီ။ 
ကျွန်မအနေနဲ့ လွမ်းမောမိသလို စိုးရိမ်မိတာကတော့ ဒီတောထဲက တောင်ကြီးတွေ နဲ့ သစ်ပင်ကြီးတွေ ကုန်သွားမှာ၊ ကဒူးတိုင်းရင်းသား စကား ရိုးရာပျောက်သွားမှာကို ကျွန်မ အင်မတန် စိုးရိမ်နှမျောမိပါတယ်။ ဒါကြောင့် ကျွန်မ ဒီခရီးကနေ ကျွန်မ နေအိမ် ၀န်းသိုမြို့နယ် အပြန်ရထားပေါ်မှာ စဉ်းစားရင်းဆုတောင်းမိတာက သူတို့တွေ ကမ္ဘာတည်သရွေ့ ထာဝရ တည်တံ့ပါစေ။ တည့်တံ့အောင် လုပ်ဆောင်ပါ့မယ်လို့............................... ပြောမိရင်း။

ဇင်မာဦး 
၂၄.၄.၂၀၁၆ (တနင်္ဂနွေနေ့) 

Zin Mar Oo - ဇင်မာဦး

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment