ဒါကတော့ ၀န်းသို စော်ဘွား တောင်ကြီးမှာ သေတုန်းက ကိစ္စချတဲ့ ပုံနဲ့ စံအိမ်ပါ။ ကျွန်မပြောတဲ့ စံအိမ်ဆိုတာ ဒါကိုပြောတာပါ။ ဒီလိုပုံစံ ကို တိုင် (၄)တိုင်နဲ့ တင်ထားတာပါ။ ဗဟုသုတဖြစ်ပါ။ |
အဖိုးဆုံးတုန်းက မိသားစုတွေနဲ့ ဓါတ်ပုံ ကျွန်မကတော့ ဓါတ်ပုံရိုက်ရတာ ရှက်တတ်လို့ မပါလိုက်ပါဘူး။ |
ဒါတွေကတော့ ကျွန်မ အဖိုးဆုံးတုန်းက ပုံတွေဖြစ်ပါတယ် |
ဒီအကြောင်းရေးတဲ့အတွက်
ကျွန်မကို အထူးအဆန်းထင်ကြလိမ့်မယ်ထင်ပါတယ်။ အသုဘချတာ ဘာထူးဆန်းလို့လည်း လူတစ်ယောက်သေသွားတာ
ဘာမှ ဖြစ်လာတော့တာမှ မဟုတ်တာ ဘာထူးခြားမှာမို့လို့လဲ။ ဂုဏ်ဖော်ပြီးရေးနေစရာ သိနေစရာလိုလို့လားလို့
မေးခွန်းထုတ်စရာဖြစ်ကြမယ်ထင်ပါတယ်။
ဒါပေမယ့်
ကျွန်မ ၀န်းသိုဘက်က အကြောင်းတွေ ရေးနေပြောနေရတဲ့ အကြောင်းရင်းတွေရှိပါတယ်။ မှတ်တမ်းကောင်းတဲ့သူ
မှတ်တမ်းရှိတဲ့သူပဲ သမိုင်းဆိုတာရှိပါတယ်။ မှတ်တမ်းမရှိရင် သမိုင်းမရှိပါဘူး။ ဘယ်လောက်ပဲ
ကိုယ်ကျိုးစား အားထုတ်ခဲ့ပါစေ မှတ်တမ်းမတင်ထားဘူးဆိုရင်တော့ နောင်နှစ်တွေ အများကြီးကြာလာရင်
အဲ့ဒီအကြောင်းအရာတွေဟာ ပါးစပ်ရာဇ၀င်တောင် ကျန်ခဲ့ဖို့ မလွယ်ကူလှလို့ပါ။
ဆိုတော့ ဘယ်လိုပဲ
ယူဆယူဆ ကျွန်မကတော့ ဒီဝန်းသိုဘက်က ကိစ္စဆိုတာလေးကို မှတ်တမ်းတင် ရေးသားချင်ပါတယ်။ ဒါမမဟုတ်
လိုအပ်လို့ အချက်အလက် ရှာတဲ့အခါ အော် ဒီလိုရှိပါလားဆိုတာ သိနိုင်မှာ ဖြစ်သလို အခုခေတ်က
အင်တာနက် (Internet) ဆိုတော့ ရှာရလွယ်ကူမယ်၊ ပိုပြီးတော့လည်း ရှာဖွေသူ သိချင်သူတွေအတွက်
အထောက်အပံ့ဖြစ်မယ်ထင်တဲ့အတွက်ပါ။
ကဲ ‘ကိစ္စ’
ဆိုတာကို ကျွန်မတို့ ဒေသခံတွေပဲ နားလည်နိုင်မယ်ထင်ပါတယ်။ ကိစ္စချတယ် ကိစ္စရှိတယ်ဆိုတာ
ကျွန်မတို့က ‘မသာ’ ‘အသုဘ’ ရှိတယ်ဆိုတာကို ဆိုလိုတာပါ။ ကျွန်မတို့က ကိစ္စသွားတယ် မသာသွားတယ်
အသုဘသွားတယ် အမျိုးမျိုး ပြောပေမယ့် ပိုပြောတာတော့ ကိစ္စရှိတယ်ကို ပြောလေ့ပြောထရှိကြပါတယ်။
ကိစ္စကို ကျွန်မတို့ဘက်မှာ
ဖိတ်စာ မဖိတ် (မကမ်း)ပါဘူး။ တခြားဒေသတွေမှာတော့ ဖိတ်စာပေးထားပြီး ဖိတ်စာပေးထားခံရတဲ့
အိမ်က သွားကြတာ တွေ့ဖူးပါတယ်။
လူတစ်ယောက်သေပြီး
(မွေးကင်းစကလေးကလွဲလို့)ဆိုရင် ကျွန်မတို့ဘက်မှာ တော်တော်ကို အလုပ်များကြရပါတယ်။ လူတစ်ယောက်ဆုံးရှုံးရတဲ့အတွက်
ဝမ်းနည်းပူဆွေးကြရသလို တစ်ချိန်တည်းမှာပဲ အဲ့ဒီကိစ္စ ပြီးမြှောက်အောင်ဆိုတာ တော်တော်ကို
အားစိုက်ကြရပါတယ်။
ကျွန်မတို့ဘက်မှာ
မသာ ကို (၃) ရက်၊ (၅)ရက် ကနေ (၇) ရက်အထိ ထားတတ်ကြပါတယ်။ ဆွေမျိုး သားသမီးတွေက အဝေးတစ်နေရာမှာ
နေတယ်ဆိုရင် သူတို့တွေအတွက် ရောက်ဖို့အချိန်မီအောင်လို့ပါ။ ကျွန်မအဖိုး ဆိုရင် ကျွန်မ
(၁၀) တန်းနှစ်တုန်းက အသက် (၇၅)နှစ်နဲ့ ဆုံးပါတယ်။ ဆုံးတော့ ချက်ချင်း မမြုပ်သေးပဲ (၅)ရက်ထားပါတယ်။
အဖိုးဆုံးတုန်းက အချက်အလက်လေးတွေကို အခြေခံပြီး ပြောပြချင်ပါတယ်။
အဖိုးဆုံးတော့
အဖိုးရဲ့ အလောင်းကို ကျင်းထားရပါတယ် (ကျင်းတယ်ဆိုတာ ဒီအတိုင်း ခေါင်းထဲမထည့်ပဲ လူတွေ
ကြည့်ချင်ရင် သားသမီးတွေ ကြည့်ချင်ရင် ကြည့်လို့ရအောင် ပိတ်ဖြူပါးပါးအုပ်ပြီး အိမ်ရဲ့
အလယ်တည့်တည့် (အိမ်တိုင်တွေရဲ့ ဗဟိုချက်မ နေရာမှာ)ထားပါတယ်။ သေပြီဆိုတာနဲ့ ပိတ်ဖြူပါးပါးစကို
မနက်စောစော သွားဝယ်ထားရတာပါ။ မနက်စောစော သက်ပြတ်တရာနာရပါတယ်။ ပြီးရင် ခြေထောက်တစ်ဖက်စီက
ခြေမနှစ်ဖက်ကို အပ်ချည်ကြိုးနဲ့ တွဲထားလိုက်ပါတောတယ်။ အဓိပာယ်တော့ မသိပါဘူး။ (ရယ်စရာအနေနဲ့
- နောက်တော့ အိမ်က ကြောင်အိမ်ထဲက သားပိုးတံပက် (ကလေးပိုး) တံဘက်တွေကြားထဲမှာ အဲ့ဒါကြီးကို
ပြန်တွေ့တော့ မောင်နှစ်မ သုံးယောက် လန့်လိုက်ကြတာ။ ကလေးဆိုတော့ …. သေရင် ကြောက်တာပဲ……
အဖိုးကလည်း မြေးတွေကို ချစ်တာကိုး………..။)
ဆိုတော့ အဲ့ဒီလို လူသေအလောင်းကို ကျင်း ထားတာ
(၃)ရက်ပါ။ ဘေးနားမှာတော့ သူသုံးနေကျ အသုံးအတောင်လေးတွေ (တောင်မွေး -တောင်ဝေး၊ ပုတီး၊
လက်ကိုင်ပုဝါ)စာတာတွေနဲ့ ထမင်းဟင်း ရေတွေ နေ့တိုင်း မနက် ညနေစာအတွက် ပြင်ပေးထားပါတယ်။
သေလို့ သုံးရက်မြှောက်နေ့ဆိုရင်တော့
သူ့ကို ခေါင်းထဲကိုထည့်ပါပြီး ပြီးရင် ခေါင်းက အပုတ်တွေ မနံအောင် လုံအောင် ရေနံကြီးတွေနဲ့
ဆေးတွေနဲ့ အဆစ်နေရာတွေကို ပိုပြီး ပိတ်ရပါတယ်။ အိမ်ပေါ်က နေ အိမ်အောက်ကို ချရပါတယ်။
အဲ့ဒါကိုလည်း ကိစ္စချတယ်လို့ ခေါ်ပါတယ်။ သင်္ချိုင်းကုန်းမှာ သွားမမြုပ်သေးပါဘူး။ သူ့အတွက်
စံအိမ်တစ်ခုကို ဆောင်ထားပါတယ်။ အဲ့ဒီမှာ သူ့ကို စံခိုင်းထားလိုက်တဲ့သဘောပါ။ (၅) ရက်မြောက်နေ့အထိပါပဲ။
ဒီမှာ အဓိကပြောပြချင်တာ
သူ့အတွက် စံအိမ်အကြောင်းပါ။ ကျွန်မတို့ဘက်မှာ ကျွန်မငယ်ငယ်က တော်တော်များများ မသာတွေမှာ
ဒီလို စံအိမ်အဆောင်တွေ ဆောက်ပေးကြပါတယ်။ စံအိမ်ကတော့ ဘယ်လိုမျိုးလဲဆိုရင် ဘုန်းကြီးပြန်မှာ
ဘုန်းကြီးတွေထားသလိုမျိုးပါပဲ။ အမိုးတွေက အချွန်တွေ အတက်တွေ ပန်းတွေ ကလှတွေ အရောင်တွေနဲ့
တစ်ဆင့်ချင်း တစ်ဆင့်ချင်း ချွန်တက်သွားပါတယ်။ အဖျားမှာကတော့ အတံလေးပဲ ကျန်ပါတယ်။ အဲ့ဒီအဆောင်
အထဲထဲမှာ သူ့ရဲ့ အလောင်း ခေါင်းတလား (သစ်သားနဲ့ ပြုလုပ်ထားတဲ့)ကို ထည့်ထားတာပါ။ ခေါင်းတလားဘေးမှာတော့
သူ့ရဲ့အသုံးအဆောင်နဲ့ ထမင်းဟင်း ထားပေးသလို အဆောင် ဘေးပတ်လည်မှာတော့ သပြေပန်း နဲ့ ပုရိတ်ရေအိုးတေထားပါတယ်။
ပြီးရင် ဟိုတစ်ဘက် တစ်ချက်မှာ သူ့ရဲ့ ဓါတ်ပုံ (ရှိရင်)ပေါ့နော် ချိတ်ထားပါတယ်။ ထူးခြားတာတစ်ခုကတော့
သူဟာ ရဟန်းဒါယိကာ(ကျွန်မတို့ကတော့ ကံကြိးထပ်တယ်လို့ခေါ်ပါတယ်။ အမြဲတမ်း ရဟန်းဒါယိကာအဖြစ်ခံရတာပါ။) အဖြစ်ခံဘူးတယ်ဆိုရင် ထီးဆောင်းပေးရပါတယ်။ နှစ်ခါခံပေးဖူးရင် (၂)လက်ပေါ့….
ကျွန်မ အဘိုးတုန်းကတော့ ထီးနှစ်လက်တွေ့ပါတယ်။ ပုံကတော့ ကျွန်မ မောင်လေးတို့ပွဲ (အလှူ)တုန်းက
ပုံ သူပါတဲ့ မိသားစု ဓါတ်ပုံကို ချိတ်ထားပေးတာပါ။ ဒါကြောင့် ဘုရား၊ ကျောင်း၊ သိမ် နဲ့
ဘုန်းကြီးဒကာ ခံတာဟာ ကျွန်မတို့ဘက်က လူတစ်ယောက်အတွက် အရမ်းကို အရေးပါပါတယ်။ သူသေလို့
ရွှေထီး အမိုးမခံရဘူးဆိုရင် သူ ကုသိုလ် ကြီးကြီးမားမား မလုပ်ခဲ့ဘူးဆိုတဲ့ အဓိပါယ် သက်ရောက်လို့ပါပဲ။
ဒါကြောင့် မသေခင် သက်ကြီးရွယ်အို ရောက်ပီဆိုရင် အိမ်က သားသမီးတွေက တာဝန်တစ်ခုအနေနဲ့
ရဟန်းဒါယိကာမ/ဒါယိကာ ကျောင်းဒါယိကာ သိမ်ဒါယိကာ ခံနိုင်အောင် လုပ်ပေးရပါတယ်။
(၅)ရက်မြှောက်နေ့မှာတော့
ကျွန်မအဘိုးကို ကျင်းထဲမြုပ်မယ့်နေ့ဖြစ်သလို။ မနက်ပိုင်းမှာ မိသားစု၊ ကျွန်မအဖိုးနဲ့
ရင်းနှီးတဲ့ ရွာနီးချုပ်စပ်အပါအ၀င် ဆွေမျိုး မိတ်ဆွေတွေ အကုန်လာကြပါတယ်။ ပရိတ်သတ်ကတော့
(၅၀၀) (၆၀၀) ကနေ ဆွေမျိုးပေါရင် ၁၀၀၀ လောက်အထိ ရှိတတ်ပါတယ်။ ဖိတ်စာမဖိတ်ပဲ ကိုယ့်အသိစိတ်နဲ့ကိုယ်
လာကြရတာပါ။ အလှူပွဲလိုမျိုး ကျွေးမွေးကြပါတယ်။ လာတက်ဧည့်သည်တွေက သေသူမိသားစုကို ကူရပါတယ်
(ထောက်ပံ့တာကို ခေါ်ပါတယ်)။ ကျွန်မတို့ကတော့ ကိစ္စကူတယ်။ မသာကူတယ်လို့ ခေါ်ပါတယ်။ အဲ့ဒီမှာ
တတ်နိုင်တဲ့သူနဲ့ ဆွေးမျိုးရင်းတဲ့သူက ပိုများများကူရသလို မရင်းရင်တော့ အနည်းဆုံးကူရင်ရပါပြီး။
ကူတဲ့သူတွေကို လက်ဆောင်ကမ်းရပါတယ်။ လက်ဆောင်ပြန်ကတော့ ဆေးလိပ်၊ ရပ်တောင်၊ စာအုပ် စသဖြင့်
ကိုယ်တတ်နိုင်သလောက်ကို လက်ဆောင်ပြန်ပေးလိုက်တာပါ။
အဲ့ဒီ မနက်ခင်းပိုင်းတစ်ခုလုံး
မသာပွဲဟာဆိုရင် လူတွေကျိတ်ကျိတ်တိုး ရွာသားတွေ အပျိုလူပျိုတွေဟာ မနားကြရပါဘူး။ ပင့်ဖိတ်ထားတဲ့
ဘုန်းကြီး အပါး (၂၀)(၃၀) လောက်ကလည်း ရောက်တော့ ကပ်ပိယ အလှည့်ကျတဲ့ လူကတော့ မချောင်ပါဘူး။
(ကျွန်မတို့မှာ ကပ်ပိယက အမြဲတမ်းနေသူမရှိကြပါဘူး။ ရွာသားတွေပဲ အစည်းအဝေးလုပ်ပြီး အလှည့်ကျ
လုပ်ကြရတာပါ။) ပွဲမှာ ဆေးလိပ်၊ ကွမ်း၊ လက်ဖက်နဲ့ ပရိတ်သတ် (၅၀၀ -၆၀၀-၇၀၀) အကုန်လုံးကို
ဧည့်ခံကျွေးမွေးရတာပါ။ ရပ်/ရွာထဲက အိမ်တွေကတော့ တစ်အိမ်သားလုံး ထမင်းဆင်းစားနိုင်ပါတယ်။
ကိစ္စက အလုပ်အကိုင် ကိုလည်း စသေတဲ့ နေ့ကနေ မြုပ်ပြီးတော့ ရက်လည် တရားနာပြီးတဲ့ အထိ အရပ်က
ဝိုင်းကူရပါတယ်။ ထမင်းချက်တာ၊ ဈေးဝယ်တာ စတဲ့ အကုန်လုံးကို လုပ်ပေးကြရတာပါ။ ဒီလိုနေ့တွေမှာ
အပျိုလူပျိုတွေဟာလည်း ထမင်းပေါင်းအိုးကိုယ်စီယူပြီး ဆင်းလာကြရပါတယ်။ (ထမင်းပေါင်းအိုးဆိုတာ
လျှပ်စစ်အိုးမဟုတ်ပါဘူး မြေကြီးအိုး ပေါင်းအိုး ပေါင်းချောင် ပေါင်းခါးစီ ပါတာကို ဆိုလိုတာပါ။)
အခုခေတ်ကတော့ ထမင်းပေါင်းတဲ့ အိုးအကြီးကြီးတွေ ခေတ်စားလာသလို အဲ့သလို အလှူမင်္ဂလာ မသာ
မှာ အငှားပေါင်းပေးတဲ့ လုပ်ငန်း ထွန်းကားလာလို့ အခုလို မပေါင်းရတော့ဘူးလို့ ပြောကြပါတယ်။
ညနေရောက်ရင်
၃း၃၀ - ၄ နာရီဆိုရင်တော့ မသာချတော့မှာပါ။ (မသာကို သင်္ချိုင်းကုန်းပို့ မြုပ်တော့မှာပါ။)
အဲ့ဒီအချိန်မှာတော့ မနက်ကလူတွေ အကုန် မရှိကြတော့ပါဘူး။ အလုပ်တွေ မအားကြတဲ့အတွက် ဆွေမျိုးတွေနဲ့
ညနေအထိ နေလို့ အဆင်ပြေတဲ့ သူတွေပဲ ကျန်ပါတယ်။
မသာချတော့မယ်ဆိုရင်တော့
မသာသီချင်းနဲ့ မသာတရားဆိုတာရှိပါတယ်။ အဲ့ဒါကြီးကြားရင် ဘယ်လိုကြီးမှန်းမသိပါဘူး ကျက်သိထပါတယ်။
အဲ့ဒီသီချင်းနဲ့ တရားက မသာချမှပဲ ဖွင့်တာများပါတယ်။ မသာတိုင်းဖွင့်ကြပါတယ်။ ပြီးရင်တော့
ချတော့မယ် ကြေငြာ လူစု ပြီးတော့ မြေကြီးမှာ စိုက်ထားတဲ့ လူသေတင်ထားတဲ့ စံအိမ်ကို ချွတ်ကြရပါတယ်။
စံအိမ်က ထိပ်ကြီးကို မကျိုးစေရပါဘူး။ အဲ့ဒီ ခြေထောက်လေးဘက်ကို ဖြုတ်ပြီး ရွာ သို့မဟုတ်
ရပ်ကွက် အနောက်ဘက်ကနေ သင်္ချီုင်းကုန်းရှိရာကို ကွေ့ဝှိုက်သွားရပါတယ်။ အဲ့ဒီလူတန်းကြီးမှာ
ကြေးစည် အရင် ပြီးရင် မသာထမ်းစင်၊ ပြီးရင် ပရိတ်အိုး ဘုန်ကြီး ၀တ္ထုစာကိုင် စတဲ့ လူအုပ်တွေ
လိုက်သွာရပါတယ်။ လူတွေက တစ်လမ်းလုံး ငိုကြပါတယ် အော်ငိုကြတယ်၊ မဟုတ်ရင်တောင် မျက်ရည်တွေ
အလိမ့်လိုက်ကျမိကြပါတယ်။ အားလုံးက ငိုနေတဲ့အချိန်မှာ ကိုယ့်အနေနဲ့ မငိုပဲနဲ့ မထိမ်းထားနိုင်ပါဘူး။
ငိုချပစ်တော့တာပါပဲ။ စံအိမ်ကြီးကိုတော့ သင်္ချီုင်းမရောက်ခင် (၃)ခါ ခါပေးရပါတယ်။ အခေါင်းကို
တုတ်းနဲ့ထိုးတယ် မဟုတ်ရင် ထမ်းတဲ့သူတွေက ဟိုဘက်ဒီဘက်စောင်းပြီး ကစားပေးရတာပါ။ (ဘာကြောင့်လည်း
မသိပါဘူး ။ မသာချတိုင်း ခေါင်းကို အဲ့သလို လုပ်ကြတာတွေ့ပါတယ်။) အဲ့ဒီအချိန် စံအိမ်
ထိပ်ချွန်ကို မကျိုးစေရပါဘူး။ တကယ်လို့ကျိုးလို့ ရပ်/ရွာဘက်လှည့်ခဲ့တယ်ဆိုရင် ရွာမှာ
နောက်တစ်ရောက် သေတတ်တယ်လို့ အယူရှိပါတယ်။
သချိင်္ုင်းကုန်း
(သုဿာန်) ရောက်တာနဲ့ စံအိမ်ကိုတော့ မြုပ်မယ့် ကျင်းနားမှာ ချထားပါတယ်။ အဲ့ဒီအချိန်
ဘုန်းကြီးတွေက ဘုန်းကျောင်းကနေ သင်္ချိုင်းကုန်းအထလာပြီး စောင့်နေတယ်။ ပြီးရင် ဆန်နဲ့
တရားနာဖိတ်ပြီး တရားနာရပါတယ်။
ပြီးသွားရင်တော့
ခုဏက အခေါင်းကို မြုပ်ပါပြီး။ ဘယ်လိုမြုပ်သလဲဆိုတော့ အခေါင်းကို ကြိုးနဲ့ အသာလေး ကျင်းထဲ
အဆင်ပြေသွားအောင် ချလိုက်တာပါ။ သူ့မှာ ဆင်ထားတဲ့ စံအိမ်ကြီးကိုတော့ အဲ့ဒီအချိန် ဖျက်ပစ်လိုက်ပါပြီး။
ဖျက်ပီး အနားမှာ ပုံထားတာပါ။ အခေါင်း မြေကြီးထဲရောက်တဲ့အချိန် သူ့ရဲ့ သုံးနေကျပစ္စည်းတွေရော
တစ်ခါတည်း ထည့်မြုပ်ပေးလိုက်ပါတယ်။ ပြီးရင် ဆွေမျိုး မိသားစုတေက မြေကြီးတွေ တစ်ဆုပ်စီပစ်ထည့်ကြရပါတယ်။
ပြီးရင်တော့ မြုပ်ဖို့ တာဝန်ကျတဲ့ သူက အကုန်အဆုံးအထိ မြုပ်ပေးလိုက်တော့တာပါပဲ။ ခုဏက
စံအိမ်ကြီးကိုလည်း တခါတည်း မီးရှို့လိုက်ပါတယ်။
ဒါဆိုရင်တော့
မသာချတာပြီးပြီပေါ့။ ဒါပေမယ့် (၇)ရက် ရက်လည်တရားမနာရသေးအထိ အိမ်က လူရှုတ်နေဆဲပါပဲ။ အိမ်တွေမှာ
အလှည့်ကျ အိပ်ဖန်စောင့် (ညအိပ်စောင့်) ပေးကြရပါတယ်။ (၇)ရက်မြှောက်နေ့တော့ ရက်လည်တရားနာပါတယ်။
ဆိုတော့ ကျွန်မတို့ဘက်မှာ
လူတစ်ယောက် သေတာက ဒီဘက် မြို့ကြီး ပြကြီးမှာ သေတာထက် အလုပ်ပိုရှုတ်ပါတယ်။ သေတဲ့သူတိုင်းအတွက်
စပါယ်ရှယ် အခေါင်းတစ်ခုစီ စပ်ရတယ်၊ သူနဲ့အတူ အခေါင်းကို မြုပ်တယ်။
ကျွန်မဆိုရင်
အခုမှ ကိုယ့်ဒေသမှာ အနေနည်းလို့ဒါတွေနဲ့ အလှမ်းဝေးနေတာပါ။ အိမ်မှာ နေခဲ့ရတုန်းကဆိုရင်
အသာချတာ အခေါက်ခေါက်လိုက်ဖူးသလို မမြုပ်ခင် မသာအိမ် ဆန်ကူ တွေလည်း ခဏခဏ သွာရပါတယ်။
ကိုယ့်ရပ်ရွာနားက သေရင်လည်း ကျွန်မတို့ဘက်မှာ သွားပြီး ဆန်ကူပေးရပါတယ်။ ဒါက မသာမချခင်
ပို့ထားရတာပါ။ ကိစ္စဆန်ပြာရပါသေးတယ်။ ကိစ္စမှာ ကျွေးဖို့အတွက် ဆန်တွေကို ရပ်/ရွာက လူတွေက
ပျာပေးရတာပါ။ တောထဲ ဖက်ကောက်ဆိုပြီးလည်း မိန်းမကြီးတေ သွားရပါသေးတယ်။ ထမင်းတွေ ထည့်ရင်
အထားခံအောင် မအေးအောင်လို့ အင်ဖက်ကို ကြို ကောက် (ခူး)ထားရတာပါ။
ဆိုတော့ အဆုံးသတ်လိုက်ရင်
လူတွေ သေတိုင်း သေတိုင်း ကျွန်မတို့ ဒီလိုပဲ လုပ်ကြရပါတယ်။ ဒီလိုလုပ်တဲ့အတွက် ၀န်းသိုနယ်တစ်နယ်လုံးဟာ
မသိသူမရှိသလောက် အထိ ရင်းနှီးကြပါတယ်။ ရပ်/ရွာထဲက လူတွေက လုပ်အားတွေ စိုက်ပေးရသလို
တတ်နိုင်တဲ့ ငွေအားလည်း ပံ့ပိုးပေးကြလို့ တစ်ချို့မသာတွေမှာ အကြွေးမတင်ကြပါဘူး။ လာသမျှလူအကုန်ကို
ကျွေးရတယ့် မသာတစ်ခု ပြီးသွားရင် ကြွေးများကျန်မလားဆိုပြီး ရင်တထိပ်ထိပ်နေကြရရှာပါတယ်။
ဒါပေမယ့်
ဘယ်လိုဆိုဆို ဘယ်သူတွေပဲ သေသွားသေသွား ကျွန်မတို့ဒေသဘက်က မသာချပုံနဲ့ ဓလေ့နဲ့ စုပေါင်းလုပ်ကိုင်တတ်ကြတဲ့
ဓလေ့ကတော့ အခုထိ လက်ဆင့်ကမ်းထားကြဆဲပါပဲ။
ဇင်မာဦး
၂၅.၄.၂၀၁၆
No comments:
Post a Comment